Thursday, December 26, 2013
ဘ၀ဟာ အချို ယောင်ဆောင်ထားတယ် .. စင် ..
စင်… ဆေးထိုးခံလိုက်နော် ဒါအစပဲကွဲ့  ကျော်လွှားခြင်းသင်ခန်းစာတွေ
ဆုတောင်းစကားကလေ ဆုတောင်းစကားလေးတွေကလေ
မျှော်လင့်ခြင်းသီးပွင့်တွေရယ် မင်းဘာကြောင့်အချိုကြိုက်ရတာလဲ
တင်းတင်းလေး မာမာလေး ပဋိပက္ခ သန္ဓေတည်လာပြန်တော့ “ မီးကိုမီးဖြင့်ငြိမ်းရန် ”
မကောင်းတဲ့ အကျင့်ကောင်းတွေ တွေတိုးပွားပါစေ တိုးတိုးသာတိုး
မြင်းမျက်လုံးကိုဘာကြောင့်ဖုံးထားတတ်ကြသလဲယင်ဥတွေကြောက်လို့  အရွယ်ရောက်သူရဲ့ ဆုတောင်းခြင်းအဖြေကဘာကြောင့်ကြန့် ကြာနေတတ်သလဲ အပြစ်ကြီးလို့ (ဟုတ်လို့ လားဟယ်)
ချစ်ခြင်းမေတ္တာသည် နည်းလမ်းရှာပြီး ရွာလည်လာခြင်းပဲ သွားကြားထိုးတံဘ၀နဲ့ မင်းချွေးသိပ်ပေးခဲ့ သလား…စင်
ဒါနဲ့ ခုတလော ဆိုဖာ အကြောင်း အိပ်ယာခင်းအကြောင်းသိပ်မညည်းတော့ဘူးနော်
သေချာမှုကိုသေချာတဲ့ အသိနဲ့ 
မသေချာမှုကိုမသေချာတဲ့ အသိနဲ့ နေထိုင်တတ်၇တယ်ဟုတ်လား
ပဲ့တင်သံက တိုလွန်းနေသေးတယ် စင်ရယ် ပြီးတော့ တိုးလွန်းတယ်
ဘ၀ကြမ်းကိုချုပ်ထည်တွေလို စက်ထဲထည့်ထည့်နင်းပစ်ကြစို့  မကြီးမငယ်နဲ့ ဆပ်ပြာတိုက်မနေနဲ့ တော့လေ ပေါင်သားတွေကဖွေးပြီးသား
အရေပြားရောဂါကကုလို့ ရပါတယ်ကွဲ့  မညာပါဘူး
နို့ … ငွေဆိုတာ ဘယ်လို ဗီဇသြဇာတွေများ ရှိလို့ တုန်းစင် ရဲ့  သူ့ နောက်ကောက်ကောက်ပါသွားတယ်ဆိုတော့ကာလေ
ဒါနဲ့ …… ဆေးသောက်ချိန်ရောက်ပြီ စင် .. ထနော် ထထ
ပြောမှသိတာကမှအသိမှန် ထိမှနာတာကသရုပ်မှန်တယ်ဟုတ်လား
ဓါတ်မှန်ပေါ်ကပုံရိပ်ကမှအမှန်တရားပါ ဓါတ်ခွဲခန်းကသွေးအဖြေတွေကမှသရုပ်မှန်တာမဟုတ်လားစင်ရဲ့ 
သူတို့ ကိုပိုးမွေးသလိုမွေးလာတာ ဟုတ်စ ? ရောဂါပိုးတွေကိုတော့မမွေးနဲ့ နော်
လှေနံဓားထစ်မယုံရဲ လို့  လှေနံနှစ်ဖက်နင်းခဲ့ တာတဲ့ လားစင်
နောက်နေ့ တွေမှာဈေးတက်သွားမှာစိုးလို့ ရရာဈေးနဲ့ တန်ဖိုးဖြတ်(ခံ)ခဲ့ လိုက်သတဲ့ 
အရင်းမပြုတ်ပေမယ့်တည်ကြက်ဖြစ်ခဲ့ ရတာလား စင်ရယ်
ရူးလှချေလား စူးလှချေလား
ခေါင်းကိုက်စေတာက မည်သူမပြုတဲ့ မိမိမှု မဟုတ်ပါဘူးကွာ
လူတွေကမိကျောင်းတွေလိုပါးစပ်ကြီးပြဲပြီး ပုတ်သင်ညိုလိုအရောင်ပြောင်းတဲ့ လိပ်တွေ
ဟော… အကျိအချွဲတွေ ထွက်လာပြန်ပြီ ခဲဖျက်ယူမလားစင် ? တစ်သျှူးယူမလားစင် ?
အစာစားချိန်ရောက်ပြီစင်… အရည်သောက်ရောပါချင်သေးလား ?
စားနော် ၀အောင်စား (ထား ) .. နှုတ်ခမ်းတွေကို zip မထားနဲ့ 
ပုံပြင်တွေကိုမုန်းတယ်မဟုတ်လား ..ပုံမပြောတော့ဘူးနော် ကျမ်းစာဖတ်ကြတာပေါ့
မငိုနဲ့ စင် ..ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာခံယူတတ်ဖို့ ကောင်းတဲ့ ဆုလဒ်ပါကွယ်
လက်တွေ တအားဖြူလာတာပဲ နှုတ်ခမ်းတွေရောပေါ့ မလှဘူးလား
အင်း…… လှတော့လှတယ် နှုတ်ခမ်းနီဆိုးမလားစင်
အင်း …. ဟုတ်တယ် ဒါကအပေါ်ယံခြယ်သမှုပေါ့စင်
ခေတ္တတော့ အဆင်ပြေစေတယ်လေ အင်းလူ့ စိတ်တွေလိုပေါ့ ဟုတ်တယ် ဟုတ်တယ်
စိတ်နာတယ်မဟုတ်လားစင် ဘာကိုဘာလို့  ခက်တာမှတ်လို့ ကွယ်
အင်းအင်း အထီးဆို ရင် ထီးတောင် ဆောင်းမပေးတော့ဘူး ကတိပါ ကတိ
စွန့် ပစ်ထားတာမဟုတ်ဘူးလေ စင်ရဲ့  သူတို့  မျက်ကွယ်ပြု သွားတာထင်တယ်
ဘယ်သူဘာပြောပြော ကိုယ့်သွေးသားနဲ့ ကိုယ့်ရှင်သန်ခြင်းနဲ့ ကိုယ်နေကြရှင်ကြရတာ
အရိုးနဲ့ အရေ တဲ့ လား ကိုယ်ရေစစ်လာတာနေမှာစင်ရဲ့  စိတ်ဓာတ်မကျနဲ့ နော်
အချိန်လား ?
နာရီတွေ ကိုမေ့ထားကြမယ်လေ စင် ..
နောက်ဆုံးဆိုတာလည်း အစတစ်ခုခုဖြစ်နေမှာပေါ့ …
ဟုတ်တာပေါ့ အချိန်ဆိုတာနောင်တရဖို့ တစ်ခုအတွက်ပဲစောသင့်တာ
မြေကွက်လားစင် ၀ယ်ထားပြီးသားလေ အဆင်သင့်ပဲ
သေတမ်းစာလား ????
သွေးသားလည်ပတ်နေသ၍ခဏငယ်လေးမေ့ထားစေချင်တယ်စင်
ဒါကကာလတွေရဲ့ ယာယီစားသုံးခြင်းတွေပါ စင်ပြောပြောနေတဲ့ ဖားတွေလေ
ကဲပါစင် ဖြစ်တာပျက်တာကို ခဏမေ့ထား လိုက်
ငွေပုံပေါ်ကို ပုံ့ ပုံ့ ကလေးကျသွားဖူးတာခဏမေ့ထား
ဥပေက္ခာတွေ ကရုဏာတွေကိုလည်းမေ့ထား
ခေါင်းကိုက်တာမေ့ထား အရေပြားယားယံတာကိုမေ့ထား
ပိုးမွှားတွေကိုမေ့ထား
နာရီတွေ မိနစ်တွေ စက္ကန့်တွေ မေ့ထား မေ့
ဝိညာဉ် စိတ်ကိုမေ့ထား
မငိုပါနဲ့ စင် ..... စိတ်မကောင်းလည်းမဖြစ်နဲ့ 
ဆေးသောက်လိုက်ဦးစင်
ရော့ ရော့ ဒီမှာ … Happy Pills တဲ့ 
ရှာရွန်
27 .9 .2012 1: 14am
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment