ကံ့ကော်နဲ့ အဆင်မပြေတဲ့ နေ့ တစ်နေ့ ပေါ့
နှင်းဆီဆူးတွေ တောင် ပိုစူးလို့ 
ခတ္တာတွေ အိုမင်းလို့ 
အတ္တ …. အဆုံးထိမြိုချခဲ့ ရတယ်
ဖိနပ်စိမ်းလေးရဲ့  လေးခုမြောက်စာမျက်နှာ
ကျနော့်အသက်ရှင်မှုလေး
ချိုရှရှ ထိရှခဲ့ ရမှုလေး
ကျနော့်ရဲ့ လျော့ရဲရဲ သိက္ခာနံရံတွေကြောင့် တံခါးတချပ် … ချောင်…ချိ
ရပိုင်ခွင့်
လိုအပ်မှု လိုအင် …. ဝေး ……..
ကံ့ကော်တွေ နောက်… တကြိမ် ပြန်ပွင့် တဲ့ ထိ
ကျနော်မြတ်မြတ်နိုးနိုး လွမ်းမယ်……..
နှလုံးသားချင်းထိခတ်မှုမှာ
အခိုက်အတန့် တော်တော် များများမှာ
ဖိနပ်စိမ်းလေးအတွက် တေးတပုဒ်ကို လိုလားလွန်းစွာ ကြိုးညှိခဲ့ ဖူးပါတယ်
“ …..ချစ်တော့ချစ်တယ်…..
……..ဒါပေမယ့် …… “
ကျနော့် ညနက်တွေ ကို ကျဲကျဲတောက်ပူစေတဲ့  စကားစုလေးတွေပေါ့
ရာနှုန်းပြည့် ၀မ်းနည်းစေနိုင်တာ
ကံ့ကော်ရယ်
ရယ်သံလွင်လွင်လေး ကိုမြင်ယောင်မိရုံ နဲ့ 
ရင်ရိုးတလျှောက် နာတတ်နေအောင် လွမ်းရတယ် …..
မြစ်လိုအချစ်မှာ
လှော်ရင်း
ခတ်ရင်း
မူးရင်း …. စီး… မျော ….
ဒါပေါ့
လိုလိုလားလား ကျနော်နစ်မြုပ်ချင်သေးတယ် ….
ကံ့ကော်ရယ်
ချစ်တယ်
မင်းကိုချစ်တဲ့ အကြောင်း တွေး မိရုံ နဲ့ 
မျက်ရည် ကျနေတတ်တဲ့  ကျနော့် ချစ်တတ်ခြင်းက
အမည်နာမ မဲ့ ပါတယ်
ခမ်းနားမှု ကင်းပါတယ်
ဒါပေမယ့်  …… ကံ့ကော်ရယ်
မင်းကို သိပ်ချစ်ပါတယ်
ရှုံးနိမ့်စွာ ချစ်နေ ခွင့်လေး မှာတောင်
ကံ့ကော်ရယ်
ကျနော်ချစ်မိတာ …….. မြတ် ….. နိုး….. လွန်း ….. စွာ ………
ရှာ ရွန်
( ၂၃ . ၃ . ၂၀၁၂ )
ညနေ ၅ နာရီ ၁၂ မိနစ်
No comments:
Post a Comment