Monday, November 19, 2012
မသာ
ပြန်လမ်းမဲ့  အိတ်ခွံတစ်လုံး ဟာ အနာဗရပွနဲ့                                                                  
သူခေါင်းကိုက်နေတယ် တဲ့                                                                
စိတ်မကျန်းမာလို့  တဲ့                                                                                                
နှုတ်ဝ ပျားစွဲ   
ဒီပင်လယ်အဆိပ်လူးခံရ
ချွေးစက်
ပြဋ္ဌာန်းချက်အတိုင်းဆို  ကံကိုကခေနေဆဲ
ငါဆိုတာ အဆစ်အချိုးများတဲ့  ရင်ခွင်ပိုက်ကလေးပါကွယ်
မှန်လို့ လဲမမှန် နိုင်
မှားလို့ လည်းမမှန်နိုင်လွန်းတဲ့  အပုပ်ကောင်ယဇ်ပါကွယ်
ဖားတုလို့ ခရုမခုန်ခဲ့ လဲ  အဲ ဒီအိုင်ကနောက်ကျိသွားခဲ့ 
ခေါ်ကြပါပြီ
ငါ့လျှိုကလေး ခက်ဆစ်အမာစားတွေစားစားမိတော့  ကမ်းပါးပြို
မိကောက်ရေ
ငါလုပ်သမျှ ဟာ တိုက်ဆိုင်
တိုက်ဆိုင်လာသမျှ ဟာလည်း ငါလုပ် 
နံရံကိုဒီတိုင်းလေးထား    ဘယ်  … (ဂျောက်ဂျက်သံဖြင့်)
ပြန် ညာ
ပြန်ရိုက်ခံရတဲ့ နံရံ
ထုံးဖြူသုတ်တဲ့  အုတ်ဂူလောက်နူးညံ့ ပါသလား 
ငါ့ပါး  မတန်ဘူးပေါ့နော်
ဆက်ထုံးမြဲတဲ့ ရပ်ဝန်းလေးပေါ့ မိကောက်ရယ်
စိတ်ဝင်တစားစောင့်ကြည့်ခံ ပုဂ္ဂိုလ်များများ
ခြံစည်းရိုးမဖျက်ချင်ဘူး 
စိတ်ကူးတွေ
မျှော်လင့်ချက်တွေ
အိပ်မက်တချို့ တစ်လေတွေ အချောမသတ်ရသေးဘူး
အချောမသတ်ရသေးဘူးဆိုတာ မချောမောလို့ များလား
ရှုခင်းကောင်းတယ်တဲ့ ရှင့် 
မိုင်တိုင်တွေ နောက်ကျောမှာ ကပ်ငြိ
ဘာမှလဲမဟုတ်ဘူး
ဘာမှလဲမရောက်ဘူး
ဘာမှလဲမရောက်သွားဘူး 
လေးထောင့်ကွက်ထဲက
မလူးသာ မလွန့် သာ
မသက်မသာ
မသာ
                                                                          Sharon
                                                                  5 . 11 . 2012  4:44 pm
ချစ်သူ့ စာ ( ၁ )
“အကယ်၍ဖြစ်နိုင်သည် ဆိုပါလျှင် သူ့ကိုဖက်ရုံကလေးသာ ဖက်ထားချင်ပါသည်။”
ထို အဖွင့်စာသားသည် ဆရာဇော်၏ကတ္တိပါလွမ်းချင်း ဟူသော အရေးအသားမှ အဖွင့်စာသားလည်း ဖြစ်သလို ယခု ကျွန်တော့်အရေးအသား၏ အဖွင့်စာသားလည်း ဖြစ်နေခဲ့ပါသည် ။
ဟုတ်ကဲ့ ၊ ဖြစ်နိုင်မည် ဆိုပါလျှင် သူမကို ကျွန်တော့်ရင်ခွင်ထဲ ထွေးပွေ့ထားချင်ဖူးပါသည် ။ “ထွေးပွေ့ထားချင်ဖူးပါသည်” ဆိုသည်မှာ အလွန်ကြာမြင့်ခဲ့ပြီးသော အတိတ်ကို ဆိုလိုပြီး “ထွေးပွေ့ထားဖူးပါသည်” ဆိုသည်မှာ သိပ်မကြာမြင့်သေးသော အတိတ်ကို ဆိုလိုပါသည် ။
ဟုတ်ကဲ့ ၊ သူမကို ကျွန်တော့်ရင်ခွင်ထဲ ထွေးပွေ့ထားဖူးပါသည် ။ သိပ်မကြာတော့မည့် အနာဂတ် တစ်ချိန်ချိန်တိုင်းတွင်လည်း သူမကို ကျွန်တော့်ရင်ခွင်ထဲ ထွေးပွေ့ထားဦးမည်သာ ဖြစ်ပါသည် ။
သူမကို ကျွန်တော်သိပ်ချစ်ရပါသည် ၊ သူမကို ကျွန်တော်သိပ်ချစ်ရကြောင်း ကျွန်တော်သိပါသည် ၊ သူမကို ကျွန်တော်သိပ်ချစ်ရကြောင်း သူမ သိပါသည် ၊သိစေချင်ပါသည် ။
လူသားနှစ်ဦး တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြကြောင်း သိကြရန်သည် အလွန်အရေးကြီးကြောင်း ကျွန်တော်တို့ နှစ်ယောက်တဖြည်းဖြည်း သိလာကြခြင်း ဖြစ်ပါသည် ။
ကျွန်တော်တို့ကဲ့သို့ သိရှိသွားသော အခြားသူများလည်း ရှိကောင်းရှိပါလိမ့်မည် ။
တစ်ခုခုပြောဖို့ ကျန်သေးသည်ဟု သူမက ပြောလာလျှင်
“သူမ ကျွန်တော်ကိုသိပ်ချစ်ကြောင်း ကျွန်တော်သိသည်” ဟု ပြောရန်ဖြစ်ကြောင်း ကျွန်တော်သိပါသည် ။
အတိုချုံးပြောရမည် ဆိုပါလျှင် ရိုးရိုးလေးသာ “ ကျွန်တော်တို့ သိပ်ချစ်ကြပါသည်။ ”
သူမအနားတွင် ကျွန်တော်အမြဲလိုရှိနေချင်သော ဆန္ဒသည် သူမကို ချစ်ခြင်းအကြောင်းတစ်ခု ဖြစ်သည် ။
ချစ်ခြင်း အကြောင်းတစ်ခုဟု ဆိုရာတွင်
“အကြောင်းပြချက်” လား ၊
“ချစ်ခြင်းသက်သေအကြောင်း” လား
ကျွန်တော်သေချာမသိပါ ၊
ကျွန်တော် သူမကိုချစ်သည်
၊ထို့အတွက် သူမအနားတွင် ရှိနေချင်သည် ၊
အလွန်ပင် ရိုးစင်းလှပါသည် ။
ကျွန်တော်သည် ထိုကဲ့သို့ ခမ်းနားမှုမရှိပဲ သူမအပေါ် ရိုးစင်းစွာချစ်နေမိပါသည် ။
သူမ၏ နှုတ်ခမ်းလေးများသည် အစဉ်ခြောက်သွေ့နေတက်သော်လည်း ကျွန်တော့်နှုတ်ခမ်းများနှင့် ထိတွေ့ပြီးတိုင်း (ဤနေရာတွင် သူမရေးပေးဖူးသော ကဗျာစာသားလေး “လမ်းလျှောက်တက်တဲ့ နှုတ်ခမ်းတစ်လွှာကို မ၀ံမရဲတိုးမိတဲ့ ရေစီးလေးက လွမ်းတယ်” ကို အမှတ်တမဲ့ ငေးမိပြန်ကြောင်း) ရွှမ်းစိုလန်းဆန်းကာ ကမ္ဘာပေါ်တွင် အလှပဆုံး နှုတ်ခမ်းလွှာလေး ဖြစ်သွားတက်ကြောင်း ၊
သူမ မျက်နှာလေးနှင့် လိုက်ဖက်ညီစွာ ဖူးပွင့်လာတက်ကြောင်း သူမ သိမည် မဟုတ်ပါ ။
အခါအခွင့် သင့်မည်ဆိုပါက သူမကို ကျွန်တော့်ရင်ခွင်ထဲ ငြိမ်ငြိမ်ထိုင်စေပြီး ထိုနှုတ်ခမ်းလေးများ အလွန်လှကြောင်း ပြောပြရပါဦးမည် ။
သူမသည် တစ်ခါတစ်ရံ ကျွန်တော့်ဆီသို့ ဒေါသတကြီး လျှောက်လာတက်ပြီး ၊ တစ်ခါတစ်ရံ သိမ်မွေ့ညင်သာစွာ ရောက်ရှိလာတက်ပါသည် ။ သူမ ဒေါသတကြီး ဖြစ်နေချိန်တွင် ကျွန်တော်သည် သူမအပေါ် စိုးရိမ်တကြီး ချစ်နေရပြီး ၊ သူမ သိမ်မွေ့ချွဲ့နွဲ့နေချိန်တွင် ကျွန်တော်သည် သူမအပေါ် နူးညံ့ကြည်မွေ့စွာ ချစ်နေတက်ပါသည် ။
တစ်ခါတစ်ရံ
ကျွန်တော်သည် ကိုယ့်နှုတ်ခမ်းကို ကိုယ်ကိုက်ကာ ကိုယ့်မာနကိုဇွတ်အတင်း သိုသိပ် သူမကို ခပ်ငေးငေးလေး ချစ်နေရချိန်များလည်း ရှိကြောင်း ၀န်ခံချင်ပါသည် ။
ဟုတ်ပါသည် ၊
"အချစ်ဆိုသောအရာတွင် ကိုယ့်အတ္တကို ထိန်းသိမ်းမြေမြုပ် သူ့အတ္တကို လိုက်လျောပေးလိုက်ရတက်သော အကြောင်းအရာတစ်ချို့ ရှိကြောင်း "သူမနှင့် ချစ်ခဲ့ပြီးမှ ကျွန်တော် အံ့သြတကြီး သိခဲ့ရပြန်ပါသည် ။
သူမ အပြောများသော စကားလုံးများမှာ “မောင့်ကို ချစ်တာသိလား” နှင့် “မောင်က ဘာလို့ချစ်တာလည်း” ဟူသော စကားလုံးလေးများ ဖြစ်မည်ဟု ထင်ပါသည် ။
ဟုတ်ပါသည် ၊ သူမသည် ကျွန်တော့်ကို “မောင်” ဟု ခေါ်တက်ကြောင်း မပြောပြရသေးပါ ၊ သူမက ကျွန်တော့်အတွက် မြတ်နိုးစွာ ချီးမြှင့်ပေးသော နာမ်စားလေးမှာ “မောင်” ဟုတ် ဖြစ်ပါသည် ။
ထိုနာမ်စားလေးကို သူမနှုတ်မှ ထွက်ချိန်တိုင်း ကျွန်တော့်အတွက် ချိမြလှပြီး “မောင့်ကိုချစ်တယ်” ဟူသော စကားစုလေးသည် ကျွန်တော့်ဘ၀ နေ့စဉ်လိုအပ်ချက် ဖြစ်ကြောင်း သူ့ကို ပြောပြဖူးပါသည် ။
သူမက “မောင့်ကို ချစ်တာသိလား” ဟု မေးသောအခါ ကျွန်တော့်အဖြေမှာ “သိတယ်” ဟု ဖြစ်ပြီး
“မောင်က ဘာလို့ချစ်တာလည်း” ဟု မေးသောအခါ ကျွန်တော့်အဖြေမှာ “မသိဘူးလေ” ဟူ၍ ဖြစ်နေခဲ့ပါသည် ။
ကျွန်တော်သည် “သိတယ်၊မသိဘူး” နှစ်လုံးသာ ဖြေတက်သူမဟုတ်ပါ ။ ကျွန်တော့ကို သူမချစ်ကြောင်း ကျွန်တော်သေချာသိသော်လည်း ၊ ကျွန်တော်သူမကို ဘာကြောင့်ချစ်နေမိမှန်း လုံးဝမသိပါ ။
သို့သော် သူမကို ကျွန်တော်ချစ်နေမိကြောင်းကိုတော့ ကျွန်တော်သေချာ သိနေပြန်ပါသည် ။
သူမကို ကျွန်တော်က “မောင့်ကို ဘာလို့ချစ်တာလည်း” ဟု မေးသောအခါတိုင်း သူမအဖြေသည်လည်း “မသိဘူးလေ” ဟု ဖြစ်ကြောင်း သိရလျှင် အချို့လူများအတွက် အထူးအဆန်းဖြစ်နေမည်လား ကျွန်တော်မတွေးတက်ပါ ။
ကျွန်တော်သူမကို လွမ်းနေရပါသည် ။
သူမအတွက် ပုံပြင်ဖတ်ပြပေးရသော ညအချို.၊ ကျွန်တော့်လက်ကို မ၀ံ့မရဲ ဆုပ်ကိုင်၍ လျှောက်သွားကြစဉ် ခဏငယ်များ ၊ ကျွန်တော်တယုတယသုတ်ပေးခဲ့ဖူးသော သူ့မျက်ရည်စများ ကျွန်တော့လက်တွင် စိုစွတ်ဆဲရှိပါသေးသည် ။
ကျွန်တော် လွမ်းလှပါသည် ၊
သူမလည်တိုင်မှ မှဲ့သေးသေးလေးသည် ကျွန်တော်ဖြစ်ကြောင်း မှန်ကြည့်တိုင်း သူမသိပါလိမ့်မည် ၊
ထိုထပ်ပိုပါလျှင် သူမသွေးကြောလေးများ တထုတ်ထုတ် တိုးတိုင်း သိပါလိမ့်မည် ၊
သူမ၏ မနက်ခင်းအတော်များများတွင် ခေါင်းငုံ့ပေးခွင့်ရသူမှာ ကျွန်တော်တစ်ဦးတည်းဖြစ်ကြောင်း ကျွန်တော်သိပါသည် ၊ ကျွန်တော်လွမ်းနေမိ ပြန်ပါသည် ၊
သူမ၏ မျက်လုံးလေးများ မှိန်ဖျော့နေတက်သော်လည်း ကျွန်တော့်ကို သူမသည် နူးညံကြည်လဲ့စွာ ငေးနေတက်ကြောင်း ကျွန်တော်တို့နှစ်ယောက်သာ သိပါသည် ။
အခြားသူများ သိရန်မလိုပါ ၊ ကျွန်တော်သူမကို လွမ်းနေရကြောင်း သူမသိလျှင် ကျွန်တော်တိတ်တိတ်ကျိတ်ကာ ပျော်မိပါသည် ။
သူမ၏ ချွဲ့နွဲ့သံလေးကို ကျွန်တော်ကြားလိုလှပြီ ဖြစ်သည်။
သူမ၏ ငှက်ကလေးများ ကောင်းမွန်စွာ ရှင်သန်နေကြောင်း.....
သူမ၏ အခန်းထောင့်တွင် ကျွန်တော်အမြဲလို ခိုကပ်ရှိနေတက်ပါကြောင်း...
သူမ၏ အခန်းကျဉ်းလေးထဲတွင်
ကျွန်တော်တစ်ယောက်တည်း ငေးနေမိပြန်ကြောင်း .......
  April 14
ချစ်သူ့ စာ ( ၂ )
စိုးရိမ်မှုဟာ စိုးရိမ်မှုအဖြစ်ပဲ ရှိနေရသေးတယ် ၊
ဟုတ်တယ်ကွယ် ၊ အဲ့ဒီစိုးရိမ်ရမှုကိုပဲ ကိုယ်ပြန်ငေးပြီး
စကားအဖြစ်လို့ ထင်ထားဖူးတဲ့ စိုးရိမ်ရေမှတ်ဆိုတာ
တိုးသထက် တိုးကာ တိုးလို့
တစ်ယောက်ယောက်ကို အရမ်းချစ်တယ် ဆိုတာမျိုး ကြုံဖူးလား ၊
ဘယ်လောက်ထိ သေချာဖူးလည်း ။
မျှော်ကိုးချက်ဟာ မြင့်မားလွန်းတော့ ကြောက်စရာကောင်းသွားမိတာရော
သိရဲ့လား ၊ သိရဲ့လားဟင်
ကျွန်တော့်မလည်း ခေါင်းကလေး ငိုက်စိုက်ငိုက်စိုက် နဲ့
မှုန်ကုပ်ကုပ်အသံလေးကို နားစွင့်ဖို့.....
ရွှင်မြူးတက်ကြွ ရယ်သံသာလေးနား ချိုသာဖို့.....
ဟိုလေ ၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှု ကိုယ်တို့ကြားတည်ဆောက်ဖို့
ခိုင်ကြည်တဲ့ အမြင် ၊ ဖွင့်ထားပေးဖို့ လိုတယ် တအားပဲ.... လို့ထင်
ကျန်ရစ်နေရတဲ့ နေ့တွေ ၊ နာရီအပိုင်းအခြားတွေ
အသက်ရှသံတိုးတိုးလေး မွန်းကျပ်နေရတာ
အလွမ်းဖြစ်ကြောင်း ကျွန်တော်မပြောပြဖူးသေးဘူး ၊
ကိုယ်တိုင်တောင် မနေ့တနေ့ကမှ ချက်ခြင်းလက်ငင်း သိလိုက်ရတာကိုး
အင်းပေါ့ ၊ တစ်ယောက်ထဲပဲ ညတွေနက်နက်သွားရတာ
အဲ့လို အိပ်မက်ထဲ.... စူးစူးရှရှ နာနာကျင်ကျင်
ဟင့်အင်း... ၊ လွမ်းရခြင်းမှာတောင် မွေ့လျော် အရာရာအပေါ် ကျေနပ်တက်ခဲ့
မနက်ခင်းလေးပဲ မရဲတရဲ စိတ်ကူးယဉ်
သူ့ အပေါ် ချစ်ခင်မိခြင်းမှာ ပျော်ပျော်ပဲ နေချင်တော့တယ် ။
အချစ်ရေ.....
ဒီတစ်ခါတွေ့ရင် ကိုယ်တို့ အပြုံးတွေ ဓါတ်ပုံရိုက်ထားရအောင်
လွဲချော်မှုကြုံတိုင်း ထုတ်ထုတ်ကြည့်ဖို့.... ၊
တံဆိပ်ကပ်မယ်ကြံတိုင်း စိတ်လျှောချဖို့...၊
ကိုယ်တို့ကိုယ် ကိုယ်တို့ လိုအပ်ကြတယ် ။                                                                                                                J
 uly 18
Thursday, November 1, 2012
.......... ၀တ် ရည် ချို ..............
လာ…. ချစ် သူ
သံယောဇဉ်အချစ်  နားလည်မှုအချစ်တွေ နဲ့ 
နာကျင်ရောင်ရမ်းဖွယ် အတိတ် တချို့ ကို နုပျိုစေဖို့ 
ယုယု ယယ  ရူးနှမ်းမှု အဖြစ်
အိပ်မက် တွေ ကို မျှား ကြမယ်
လွမ်း ငွေ့  ချစ် ငွေ့ ဆို တာ  ကျက် ခဲ တဲ့ အနာ တစ်မျိုးလေ
လာ ….  ချစ် သူ
လေးဘက်လေးတန်  ရနံ့ စီးခြင်းမှာ
ယုံကြည်ခြင်း နဲ့  ခိုင်ကြည်ဖို့ 
လှိုင်းယောင်ဆောင်တတ်တဲ့ ကျော့ကွင်း (တချို့ ) ဖြည် ရအောင်
ခါးသက်ပူလောင် တာ ကိုမှ မြည်းစမ်းခဲ့ မိကြပေမယ့်
အဆုံး..ဆုံးသည်ထိ..အချစ်တွေ နဲ့  ချိုရအောင်
လာ…ချစ် သူ
အထိ အရှ များများ နဲ့ လွမ်းကြည့်ရအောင်
စာမျက်နှာတွေ ပေါ်မှာ နွေမိုးဆောင်းတွေ ခဏတိုင်း ကုန်ဆုံးပေမယ့်
အနာတရဒဏ်ရာတွေ ကို  ခဏတိုင်း ထုတ် မကြည့်နဲ့ 
မင်းလက်ထဲမှာ ဖူးပွင့် နေတတ် တဲ့ ပန်းတစ်ပွင့် အကြောင်း ကို
အိပ်မက် ထဲ ထိ သယ်ဆောင် ပေး ပါ
လာ..ချစ် သူ
ဒီလမ်းထက်မှာ ..  အမောဖြေဖို့ 
ရယ် သံလေး တွေ ထုပ် သိမ်း စို့ 
အလွမ်းတွေ ကိုထုပ်သိမ်း စို့ 
တည်ရှိ ပုံတွေ နှင့် ဆန္ဒတွေ ကို ထုပ်သိမ်းစို့ ရဲ့ 
ဖိနပ်စိမ်းလေးရယ် ..မင်းက ငါ့ အတွက် တော့ ဝတ်ရည်ချို ….
လာ … ချစ် သူ
အလွမ်းတွေ ကို မိုးတိမ် အဖြစ်ရွာချ လိုက် ပါ
ရုန်းထွက်မသာတဲ့  ပူလောင်ခြင်းမှာ နစ်မြုပ်နေလို့ ပါ
တခုတ်တရ ချရေး မိတိုင်း .. မြတ်မြတ်နိုးနိုး လွမ်းမိ ….. ငေး
သတိတရစိတ်တွေ  အနားသတ်တိုင်း
မင်း… က  ငါ့ ကိုယ် ပိုင် ကဗျာ
လာ..ချစ်သူ
နေ ထွက် ချိန် ကစ နေ၀င်သည် ထိ
အလွမ်း စိတ် ကို အပြန်အလှန်မျှဝေကြမယ်
ဂရုဏာတွေ ထွေးပြီး အချစ်တွေ နဲ့ ဖလှယ် ကြစို့ 
အချစ် နှင့် အိပ်မက်တွေကို ခြယ် သဖို့ 
နှုတ်ခမ်းလေးတွေ ကို  ရင်အုံနွေးပေါ်ကခုန်စေ စို့ 
အချစ် ဆို တာ ငါ့ အတွက် တော့ … ၀တ်ရည် ချို…
                                                     sharon
                           ps>> ဖိ နပ် စိမ်း လေး အတွက် ရည်ရွယ် သည်
~~~ ဖိနပ်စိမ်းလေးသို့  (၁ ) ~~~
 အိပ်စက်ခြင်းကိုဖျက်ဆီး၍  ထိုအချိန်                                                                   လုံးလုံးလျားလျားလိုက်လျောလိုမှု                                            
ပြီး…. သီချင်းသီရန် ဆာငတ်သံတွေ ကျယ်လာပြီ                                                                                   
ကျန်တယ်ဆိုရုံ အလွမ်းကြွင်းတယ် အချစ်ရယ်                               
ဒါတောင်  ..   ကိုယ် က ကံကောင်းလွန်းတဲ့ အချစ် ကိုလက်ဝယ်ရရှိထားတာ       
အောက်မေ့တယ် အောက်မေ့လွန်းတယ် အချစ်ရယ်                        
လွမ်းတယ်လွမ်းရလွန်းတယ် အချစ်ရယ်                              
မြက်ရိုင်းပန်းတွေက မြေဆီလွှာကြီးကိုငတ်သလို                                   
ကိုယ်ဟာမင်းရဲ့ အချစ်တွေ ကို ငတ်တယ်                                         
နွမ်းနယ်မှု က အိပ်စက်ခြင်းကိုတမ်းမွတ်သလို                           
ကိုယ်ဟာ မင်းဆီက နှစ်သိမ့် မှု ကိုတမ်းမွတ်တယ်                       
ပန်းပွင့်တွေဝတ်မှုန်ကူးဖို့ ပိတုန်းလိပ်ပြာငံ့လင့်သလို           
ကိုယ်ဟာမင်းရဲ့ ချွေးသိပ်မှု ကိုငံ့လင့်မိတယ်               
သစ်ခက်သစ်ရွက်တွေက ရေသောက်မြစ်ကို မှီခိုလိုသလို          
ကိုယ်ဟာမင်း ရဲ့ ဖြစ်တည်မှုပေါ်မှီတည်ချင်မိတယ်      
ပန်းပွင့်တွေနေရောင်ငတ်သလို                                    ကိုယ်ကမင်းရှင်သန်မှုကိုဖက်တွယ်လိုစိတ်ငတ်လာတယ်                                      
လူမမည်ကလေးလေးတွေ မိခင်၏ စောင့်ရှောက်မှုလိုသလို
တွယ်နှောင်လိုမှု
တိမ်းညွတ်လိုမှု
ချိနဲ့ အားအင်တွေကိုမြမြသွေးလို့ 
မြှားတစ်ချောင်းလို သံသယနွံ
သူပစ်လွှတ်ရာအရပ်
ကိုယ့်မျှော်လင့်ရာရပ်ဝန်း
အချစ်ရေ
ဆန္ဒတွေကိုထုပ်ပိုးခွင့်ပေးပါ
တမ်းတမ်းတတ… တမ်း….
ကိုယ့်စီးဆင်းမှုတွေတိုင်းက သူ့ငြီးငွေ့ ခြင်းဖြစ်စေခဲ မိ သလား
နောင်တတွေမဆုံးတော့ဘူး အေးစက်လွန်းသူနှင်းစက်ဖြူ
ကိုယ့်မငိုချင်ဘူးအချစ်ရယ်
ကိုယ်မငိုရက်တာပါ အချစ်ရယ်
ကိုယ့်ဘ၀တစ်ခုလုံးကို မင်းရင်ဘတ်တစ်နေရာမှာကျောက်ချထားတာပါအချစ်ရယ်
ခေတ္တခဏဝေးတဲ့ ညတွေ ရှည်တာလွန်းတယ်
အရိပ်ကွာတဲ့ နေ့ တွေ ပူလောင်လွန်းတယ်
အချစ်ရေ
သိပ်ချစ်ရပါတယ်
တကယ်လို့ 
မင်းသာဆန္ဒရှိရင်
ကံကြမ္မာရဲ့ အဆိုးအကောင်းကိုကိုယ်တိုရွေ့း ကြ ပြီး
ကံကြမ္မာရဲ့  အသီးအပွင့်ကောင်းခြင်းဆိုးခြင်းတွေခူးဆွတ်ကြမလား    
ကိုယ်ကတော့ဆုံးဖြတ်ထားပါတယ်
ရနံ့ ထုံ တဲ့ ပန်းခင်းလမ်း တော့ မဟုတ်ဘူးပေါ့အချစ်ရယ်
အချစ်တွေနဲ့ တည်ဆောက်မယ့်အိမ်မှာ အခက်အခဲတွေကြုံလာရင် ကြံကြံခံ
 အချစ်စိတ်တွေနဲ့ မွမ်းတဲ့ အိမ်မှာမင်းနဲ့  အတူတူနေသွားချင်ပါတယ်
ဒါ ….  ကိုယ့်ဆန္ဒပါအချစ်ရယ်
                                  .......... sharon ...........